Myitkyina Online
မြစ်ကြီးနားအွန်လိုင်းဖိုရမ်မှကြိုဆိုပါတယ်..။
အသင်းသားမဖြစ်သေးလျှင် Register ကိုနိုပ်ပြီးform ဖြည့်ပေးပါ..။
နောက်..မိမိဂျီမေးလ်ကိုဖွင့်ပြီး..အတည်ပြုပေးပါ..။
အသင်းဝင်ပြီးပါက.. login ကိုနိုပ်ပြီးဝင်ပါ..။
ကျေးဇူးတင်ပါတယ်..။

မြစ်ကြီးနားအွန်လိုင်းဖိုရမ်နှင့် မိသဟာယ




: ဟူးကောင်းတောင်ကြားမှာ ဆင်ဖမ်းမယ် အချစ်

View previous topic View next topic Go down

20100817

Post 

: ဟူးကောင်းတောင်ကြားမှာ ဆင်ဖမ်းမယ် အချစ်





ဟူးကောင်းလွင်ပြင် အကြောင်း၊ အဲဒီဒေသမှာနေထိုင်တဲ့လူတွေရဲ့ ဓလေ့စရိုက်၊ ပြီးတော့ ချစ်မှုရေးရားလေးတွေအကြောင်း စိတ်ဝင်စားဖွယ် ရေးသား ထားတာကိုတွေ့ရပါတယ်။
. . .

ကျွန်တော်က တစ်ခါတစ်လေ အပျင်းပြေ ၀တ္ထုလေးတွေဖတ်လေ့ရှိပါတယ်။ အခုခေတ်ဝတ္ထုလောကမှာ ဂမ္ဘီရစာပေဆိုပြီး လှိုင်ဘောလယ်ထနေတာ အများကြီးမှအများကြီးပါ။ အဲဒီထဲကမှ ကျွန်တော်ဖတ်နေကြ ကလောင်တွေထဲကမှ တစ်ချို့တွေရဲ့စာအုပ်မှာ ဖတ်ချင်မှတ်ချင်စရာလေးတွေ ပါတတ်ပါတယ်။

အခုမနေ့ညက ဖတ်ဖြစ်တဲ့ 'တြိသင်္ခ ရဲ့ ကိုးလောင်းတောင်ကြား'ဆိုတဲ့စာအုပ်ထဲမှာ ဟူးကောင်းလွင်ပြင် အကြောင်း၊ အဲဒီဒေသမှာနေထိုင်တဲ့လူတွေရဲ့ ဓလေ့စရိုက်၊ ပြီးတော့ ချစ်မှုရေးရားလေးတွေအကြောင်း စိတ်ဝင်စားဖွယ် ရေးသား ထားတာကိုတွေ့ရပါတယ်။ Data တွေရဲ့မှန်ကန်မှုကတော့ သူတည်ဆောက်တဲ့ ခေတ်ကာလနဲ့ အခုခေတ်ကာလ အနည်းငယ်တော့ကွာခြားမှာပါ။ ဒါပေမဲ့ ဗဟုသုတရမယ် အနည်းငယ်တော့ သိစရာတိုးမယ်လို့ယူဆပြီး သူငယ်ချင်းတို့ကို ပြန်လည်ပြောပြပါရစေ။

'ဟူးကောင်းလွင်ပြင်'ဒေသသည် တော်တောင်ထူထပ်သော အရပ်ဒေသတစ်ခုဖြစ်သည်။ ဟူးကောင်းလွင်ပြင်ဒေသမှာ ရှေးအခါက ပယင်းအထွက်ကောင်းသောဒေသအဖြစ် လူသိများပြီး ပယင်းဒေသဟုပင် ခေါ်ဝေါ်ခဲ့ကြလေသည်။ ဟူးကောင်း လွင်ပြင်မှာ စတုရန်းမိုင် (၅၅၈၆)စတုရန်းမိုင် ကျယ်ဝန်းသော ချိုင့်ဝှမ်းလွင်ပြင်ကြီးဖြစ်ကာ အရှေ့ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက်များမှာ မြင့်မားလှသည့် တောင်တန်းကြီးများက ကာရံထားလေသည်။

အနောက်ဘက်၌ ကာဆီးထားသော ပတ်ကွိုင်တောင်တန်းကြီးမှာ ပေ(၈၀၀၀)ကျော် မြင့်မားပြီး ချင်းတွင်းမြစ်နှင့် အိန္ဒိယနိုင်ငံအတွင်းမှာ ရှိသော ဗြဟ္မပုတ္တရမြစ်တို့၏လက်တက်မြစ်များတို့ မြစ်ဖျားခံရာ ရေဝေကုန်းတန်းဖြစ်ပေသည်။

အရှေ့ဘက်မှာတော့ ကျော်မောင်ဘွမ်၊ ဘွမ်ဖျက်ဘွမ်၊ ပလောင်ဘွမ် အစရှိသော တောင်တန်းကြီးများရှိပြီး ၄င်းတောင် တန်းကြီးများမှာ မြန်မာနိုင်ငံ၏အသက်သွေးကြော ဖြစ်ကြသည့် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် တို့၏ မြစ်ဖျားခံရာ ရေဝေ ကုန်းတန်းများဖြစ်ကြပေသည်။

ဟူးကောင်းလွင်ပြင်၏ အရှေ့ဘက်နှင့် အနောက်ဘက်မှာ ရှိကြသော ရေဝေကုန်းတန်းကြီးများက စီးဆင်း လာကြသော မြစ်ချောင်းကြီးငယ် အသွယ်သွယ်တို့သည် ချိုင့်ဝှမ်းအလယ်သို့ စီးဆင်းလာကြပြီး နောက် ချင်းတွင်းမြစ်၏အကြီးဆုံး လက်တက်ဖြစ်သော တနိုင်းခချောင်းကျယ်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။ တနိုင်းခသည် ချောင်းဟုသာ ဆိုရသော်လည်း မိုင်(၉၀)ခန့်ရှည်လျားလေသည်။

ဟူးကောင်းချိုင့်ဝှမ်းအတွင်း၌ ထင်ရှားသော နေရာအမှတ်အသားတစ်ခုမှာ လီဒိုလမ်းမကြီးဖြစ်ပေသည်။ လီဒိုလမ်းမကြီးမှာ (၁၉၄၇)ခုနှစ်၊ဒီဇင်ဘာလ (၁)ရက် ဒုတိယကမ္ဘာစစ်အတွင်း၌ စတင်ဖောက်လုပ်ခဲ့ ကြခြင်းဖြစ်သည်။ အိန္ဒိနိုင်ငံ အာသံပြည် နယ်နှင့် ဘင်္ဂလားနယ်ကို ဆက်သွယ်ကာ လီဒိုမြို့မှ စတင် ဖောက်လုပ်ခဲ့သဖြင့် 'လီဒိုလမ်းမကြီး'ဟု လူသိများထင်ရှားခဲ့ပေ သည်။ လီဒိုလမ်းမကြီးအား လီဒိုမြို့မှ စတင်ကာ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသောအခါ ပတ်ကွိုင်တောင်တန်း၊ ရှင်ဗွေယံ၊ တနိုင်း၊ဟူးကောင်း၊မိုးကောင်း၊မြစ်ကြီးနားမှ ဧရာဝတီမြစ်ကိုဖြတ်ကာ ဗန်းမော်၊ လားရှိုးမှတဆင့် တရုတ်ပြည် ဘက်ရှိ မာကိုပိုလိုလမ်းမကြီးနှင့် ဆက်သွယ်ရန်ဖြစ်ပေသည်။
(၁၉၄၃)ခုနှစ်မှ အစပြုဖောက်လုပ်ခဲ့သော ထိုလမ်းမကြီးမှာ(၁၉၄၅)ခုနှစ်တွင် အဆုံးသတ်ခဲ့လေသည်။ လီဒိုလမ်းမကြီး ဖောက်လုပ်ရာတွင် ချွေးတပ်သားအမြောက်အမြား သေကြေပျက်စီးခဲ့ကြရပေသည်။ အရှေ့တောင်ဘက်တွင် ယိုးဒယား မြန်မာလမ်းမကြီးဖောက်လုပ်ခဲ့ရာတွင် ချွေးတပ်သားပေါင်း (၈၀၀၀၀) ကျော်သေကြေပျက်စီးခဲ့ကြောင်း မှတ်တမ်းရှိသည်။

(၁၉၄၇)ခုနှစ်၊ အောက်တိုဘာလ(၇)ရက် နေ့စွဲဖြင့်ထုတ်ပြန်ကြေငြာခဲ့သော လန်ဒန်မြို့ ဗြိတိသျှနိုင်ငံခြားရေးရုံးမှ ထုတ်ပြန် ကြေငြာချက်တွင် မြန်မာနိုင်ငံမှ ချွေးတပ်သားပေါင်း (၈၀၀၀၀)ကျော် သေကြေပျက်စီးခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း ခန့်မှန်းချက်သာဖြစ်သည်။
၎င်းဖော်ပြချက်မှာ ယိုးဒယားနိုင်ငံဘက်၌ ယိုးဒယား၊မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ်လူမျိုးတို့ သေကြေပျက်စီးမှု မပါဝင် ပေ။ ထို့ပြင် ဗြိတိသျှ စစ်သုံ့ပန်း၊သြစတြေးလျ စစ်သုံ့ပန်းနှင့် ဒတ်ခ်ျ စစ်သုံ့ပန်းတို့ မပါဝင်သေးပေ။

နာမည်ကျော် လီဒိုလမ်းမကြီးသည် ဟူးကောင်းချိုင့်ဝှမ်းသို့ ရောက်သောအခါ တနိုင်းချောင်းကို ဖြတ်သွားလေရာ အင်္ဂလိပ် အစိုးရလက်ထက်ရောက်သောအခါ ထိုနေရာတွင် ဟူးကောင်းမြို့ဖြစ်ပေါ်လာလေသည်။ နောက်ပိုင်းတွင်မှ တနိုင်းခချောင်း ကို အစွဲပြုပြီး တနိုင်းမြို့ဟု ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။ တနိုင်းမြို့မှာ လီဒိုလမ်းမကြီး၏အနောက်ဘက် မဝေးသောနေရာ၌ ရှိပြီး မြစ်ကြီးနားမြို့နှင့် မိုင်(၁၂၀)ခန့်ကွာဝေးလေသည်။ ဟူးကောင်းဆိုသည်မှာ ရှမ်းဘာသာစကားဖြစ်သည်။
ဟူး - ဦးခေါင်း ၊ ကောင်း - စည်တော်ဟု အဓိပ္ပါယ်ရှိရာ ဟူးကောင်း၏အဓိပ္ပါယ်မှာ 'စည်တော်ဦးခေါင်းပြုရာအရပ်' ဟုဆိုကြပေသည်။

ဟူးကောင်းဒေသကို ရှေးအခါကပင်'ပယင်းတွင်းဒေသ'ဟုခေါ်ခဲ့ကြပြီး အစောဆုံး ၀င်ရောက်နေထိုင်ကြသော လူမျိုးများမှာ 'နာဂ'လူမျိုးများဖြစ်ကြသည်။ နာဂလူမျိုးများ အများအပြား ရှိရာမှ ရွဲရိ၊ရွဲရာ၊ချောက်ရန်းဟုခေါ်သည့် နာဂလူမျိုးများ ဖြစ်ကြ သည်။ နောက်ပိုင်းတော့ နာဂလူမျိုးများ တဖြည်းဖြည်း နည်းပါးသွားကာ ရှမ်း၊ကချင်နှင့် မြန်မာလူမျိုးတို့ အများအပြား ၀င်ရောက်နေထိုင်ခဲ့ကြသည်။
ဟူးကောင်းလွင်ပြင်ဒေသသည် မြန်မာနိုင်ငံရဲ့ အမေဇုံတောဟု တင်စားခေါ်ဝေါ်ရလောက်အောင် တောင်တောင်ထူထပ် လှပြီး သားရဲတိရစ္ဆာန် ပေါများလှသောနေရာဖြစ်ပေသည်။
ထိုဒေသ၌ နေထိုင်ကြသူအများစုမှာ တောတောင်များအတွင်းသို့ လှည့်လည်သွားလာပြီး လုပ်ငန်းအမျိုးမျိုးဖြင့်အသက် မွေးဝမ်းကျောင်းသူများရာ ထိုအထဲတွင် ဆင်ရိုင်းဖမ်းသမားများလည်း ပါဝင်ပေသည်။

မြန်မာနိုင်ငံအ၀ှမ်းတွင် ဆင်ရိုင်းအကောင်ရေများစွာ ရှိသည့်အနက် ဟူးကောင်းချိုင့်ဝှမ်းဒေသ၌ အများအပြားရှိလေသည်။

ဆင်ရိုင်းဖမ်းဆီးသောအလုပ်မှာ အသက်အန္တရာယ်အလွန်များသော အလုပ်မျိုးဖြစ်ပေရာ မကျွမ်းကျင်ပါက ဆင်ရိုင်း၏ အစွယ်အောက်၊ခြေထောက်အောက်မှာ အသက်ပျောက်သွားနိုင်ပေသည်။
တောဆင်ရိုင်းသည် ခွန်အားဗလကောင်းသလို လူကဲ့သို့ အသိဥာဏ်များသော တိရစ္ဆာန်ဖြစ်သည်။
ဆင်ဖမ်းရာမှာ ကျုံးသွင်း၍ ထောင်ဖမ်းခြင်း၊ မီလာရှီကာဟု ခေါ်သော ကြိုးကွင်းစွပ်ဖမ်းခြင်းနှင့် မေ့ဆေးသေနတ် သုံး၍ ပစ်ခတ်ဖမ်းခြင်းဟူ၍ နည်းသုံးမျိုးဖြင့် ဖမ်းဆီးကြလေသည်။
မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းသောနည်းကိုတော့ လူတိုင်းမသုံးကြပေ။ မေ့ဆေးသေနတ်ကို လူတိုင်းမသုံးနိုင်သည်က တစ်ကြောင်း၊ အဓိက အချက်မှာ ဆင်ကိုမေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းပါက ဥာဏ်ထိုင်းသည်ဟု ယူဆသောကြောင့်ဖြစ်၏။

နောက် မီလာရှီကာဟုခေါ်သော ဆင်ကိုကြိုးကွင်းစွပ်ဖမ်းဆီးသောနည်းမှာလည်း လူနည်းနည်းဖြင့် လုပ်နိုင်သည်ဆိုသော် လည်း မကျွမ်းကျင်ပါက အန္တရာယ်အလွန်များသောနည်းဖြစ်၏။
အများအားဖြင့်တော့ အသက်အန္တာရယ်လည်းကင်း၊ ဆင်ဖမ်းရာမှာလည်း အရလွယ်သော ကျုံးသွင်းဖမ်းနည်းကိုသာ အသုံးပြုမှု များလေသည်။

တောဆင်ရိုင်းများကို စနစ်တကျ ကျုံးသွင်း၍ ထောင်ဖမ်းသောနည်းမှာ အိန္ဒိယတိုင်းရင်းသားများထံမှ ဆင်းသက်လာ၍ ထိုကျုံးကို ကေဒါ (Khedda) ဟုခေါ်သည်။ ကျုံးအတွင်းသို့ ဆင်များကို မောင်းသွင်းပြီးမှ ဖမ်းဆီးသောနည်းကို ကေဒါ သို့မဟုတ် ကျုံးသွင်းခြင်းဟု ခေါ်ကြလေသည်။ သို့သော်လည်း ဆင်ကျုံးသွင်းသောအဖွဲ့မှာ လူသုံးဆယ်ကျော်ခန့် အသုံးပြု ရသောကြောင့် လူအများဆုံး အသုံးပြုရသော ဆင်ဖမ်းနည်းဖြစ်သည်။

ဆင်ကျုံးသွင်းသော လမှာ အောက်တိုဘာလဆန်းမှ စတင်လုပ်ကိုင်ကြလေသည်။ဆင်ကျုံးသွင်းမည့်သူများသည် တော အတွင်း ရောက်သည်နှင့် ဦးစွာ ဆင်များ အုပ်စုလိုက် ရှိသောနေရာများကိုလေ့လာရှာဖွေရသည်။
ဆင်အုပ်များကိုတွေ့ပါက ကျုံးသွင်းမည့်နေရာကို ရွေးချယ်ရသည်။ ဆင်ကျုံးတည်ရန်အတွက် သင့်တော်သောနေရာများမှာ - ဆင်ရိုင်းများ မကြာခဏဖြတ်သွားတတ်သောလမ်း၊ ဆင်များ ခိုအောင်းနိုင်မည့် အရိပ်အာဝါသကောင်း သည့်နေရာ၊ စမ်းချောင်း၊ရေအိုင် များရှိသောနေရာ၊ ထို့ပြင် သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲမရှိသောနေရာ၊ တောင်ကုန်းလည်းမကျ၊ မြေပြန့် သက်သက်လည်း မဟုတ်သောနေရာနှင့် ဆင်များ ဖမ်းမိပါက လေ့ကျင့်မှုပေးရန် ကျယ်ပြန့်သောနေရာ၊ ကျုံးဆောက်ရန် အတွက် အနီးဝန်းကျင်တ၀ိုက်မှာ သစ်ဝါးပေါသောနေရာနှင့် ဆင်ရိုင်းများ အစာရေစာ အလွယ်တကူရနိုင်မည့်နေရာ စသည်တို့ဖြစ်သည်။

ဆင်ကျုံးတည်ဆောက်ရန်အတွက် တောထဲမှ သစ်ဝါးစသည်တို့ကိုခုတ်ယူကြရသည်။ ဆင်ရိုင်းများ ထောင်ဖမ်းရန်ကျုံးမှာ တစ်ဖက်ကျယ်၊ တစ်ဖက်ကျဉ်းဖြစ်ပြီး စတုဂံပေ(၆၀)မှ (၁၀၀)အထိရှိတတ်သည်။ လိုအပ်သော သစ်ဝါးများမှာ – ဖြောင့်တန်းနေသည့် ကျုံးတံခါးတိုင်လေးလုံး၊ တိုင်တစ်လုံး၏အရှည်မှာ (၃၅)ပေဖြစ်သည်။ (၁၆)ပေအရှည်ရှိသော ကျုံးတိုင်အလုံး(၃၀)၊ (၁၆)ပေအထက်ရှည်သော မျောတန်းအလုံး (၃၀၀)တို့ဖြစ်သည်။ ကျုံးတိုင်နှင့် မျောတန်းများကို ဖြောင့်ဖြူးသော သစ်လုံးများဖြင့် အသုံးပြုကြသည်။ အကိုင်းအခက် အဖုအထစ်များ ပါလျှင်လည်း ဓါး၊ ရဲဒင်းများဖြင့် ချောအောင် ရွေထားကြသည်။ ကျုံးတစ်ခု တည်ဆောက်ရန်အတွက် အုန်းဆံကြိုး သုံးမည်ဆိုပါက ပိဿာ(၂၀၀)ခန့် ကုန်ကျမည်ဖြစ်ပြီး ကြိမ်ဖြင့် တုပ်နှောင်မည်ဆိုပါက ကြိမ်နီအပင်ပေါင်း(၅၀၀၀)ခန့် ကုန်ကျတတ်ပေသည်။

ဆင်ဖမ်းနည်းသုံးမျိုးရှိသည့်အနက် မီလာရှီကာဟုခေါ်သော ကြိုးကွင်းစွပ်ဖမ်းနည်းမှာ အန္တရာယ်များပြီး စွန့်စားရသော ဆင်ဖမ်းနည်းဖြစ်သည်။ ၄င်းမှာ ကြိုင်းကွင်းပစ်တော်သော ဆင်ဖမ်းသမားနှင့် နောက်လိုက်ကောင်းများ ရှိရန်လိုအပ်သည်။ ၄င်းအပြင် ဖန်တီစီးသောဆင်ကလည်း လိမ္မာပါးနပ်ဖို့ရန် အရေးကြီးလေသည်။ မီလာရှီကာနည်းမှာ ကုလားစကားဖြစ်ပြီး အဓိပ္ပါယ်မှာ ကြိုင်းကွင်းစွပ်ဖမ်းနည်းဖြစ်သည်။ ဆင်ဖမ်းအဖွဲ့တွင် လူက(၁၀)ယောက်ခန့် ပါရပြီး ကွန်ဂျီဟု ခေါ်သည့် ဆင်လိမ္မာက သုံးကောင်ပါသည်။ အချို့ဆင်ဖမ်းအဖွဲ့များမှာ အကူဆင်မပါဘဲ ကွန်ဂျီဟုခေါ်သည့် ဆင်ယဉ်နှစ်ကောင် ဖြင့်လည်း ဆင်ဖမ်းထွက်ကြသည်။ တောဆင်ရိုင်းကို ပစ်ဖမ်းရန် အသုံးပြုသောကြိုးကို 'ဆိုင်ဖန်း'ဟုခေါ်သည်။
ပီလောပီနံလျှော်ကို (၁၂)လွန်းတင် ကျစ်ထားသော(၃၇)တောင် (ပေ၅၀ခန့်)အရှည်ရှိသော ကြိုးကြီးကို အသုံးပြုကြသည်။

ဆင်ဖမ်းထွက်တော့မည်ဆိုလျှင် ဖန်တီဟုခေါ်သော ခေါင်းဆောင်က ကာကီဘောင်းဘီသုံးထည်၊ အင်္ကျီသုံးထည်ကို တစ်ခါ တည်း ထပ်ဝတ်ထားရသည်။ မာအွတ်ဟု ခေါ်သော ပဲ့စီးများမှာလည်း ထိုနည်းအတိုင်းပင် ထပ်ဝတ်ထားကြရသည်။ ထိုသို့ဝတ်ဆင်ရခြင်းမှာ ဆင်ရိုင်းနောက်သို့ပြေးလိုက်ရာတွင် ကြိမ်တော၊ဆူးတောများအတွင်းမှ ဖြစ်ပြေးရသည့်အခါ သစ်ကိုင်းခြစ်သည့်ဒဏ်၊ ဆူးဒဏ်များမှ ကာကွယ်ရန်အတွက်ဖြစ်သည်။ ဆင်ဦးစီးများတွင် အရှည်နှစ်ပေ၊ ဗျက်သုံးလက်မ ရှိသော ဖားမစ်ဆန် ခေါ် ခန္ဓီးရှမ်းဓါးတစ်လက်စီလည်း ဆောင်ထားရသည်။

ပြေးရင်းလွှားရင်း ရှေ့မှ သစ်ကိုင်းနှင့် ကြိမ်နွယ်များခံနေပါက ဓားဖြင့်ခုတ်ဖြတ်သွားရန်ဖြစ်သည်။ ဆင်ဖမ်းထွက်တော့မည် ဆိုလျှင် အခြားစားနပ်ရိက္ခာကိရိယာ တန်ဆာပလာများအပြင် ကြက်ဖို၊ကြက်မ နှစ်ကောင်ကိုလည်း ဆင်ပေါ်တင်ယူ သွားကြသည်။ တောထဲရောက်၍ ဆင်ခြေရာတွေ့ပြီး ဆင်နောက်လိုက်တော့မည်ဆိုပါက ယူလာသော ကြက်နှစ်ကောင်ကို အဓိဌာန်ပြုကာ လွှတ်တင်လိုက်ရသည်။

လွှတ်လိုက်သောအချိန်မှာ ကြက်များက ရွှင်ရွှင်လန်းလန်းနှင့် တွန်သံပေးပြီး တောသို့ဝင်ပါက နိမိတ်ကောင်းဟု ယူဆပြီး၊ အကယ်၍ ကြက်နှစ်ကောင် ထိုးကြ၊ ဆိတ်ကြ၊ ခွပ်နေကြလျှင် နိမိတ်မကောင်းဟု အယူရှိကြလေသည်။

တောဆင်ရိုင်းများနောက်သို့ သက်စွန့်ဆံဖျားလိုက်ရတော့မည်ဆိုလျှင် ပထမဦးစွာ ဆိုက်ဖလားဟု ခေါ်သော ၀မ်းပတ်ကြိုး ၏ ကွင်းတွင် ဆိုင်ဖန်ခေါ် ဖမ်းကြိုးတစ်စကို ထည့်ရသည်။ ပြီးမှ ဆင်ဖမ်းကြိုးခွေကို ဆင်၏ကျောကုန်းပေါ်သို့ တင်ကာ ဆိုက်သရီးခေါ် ကြိုးဖြင့် ထိန်းထားရသည်။ အားလုံးအဆင်သင့် ဖြစ်သောအခါ တောဆင်ရိုင်းအုပ်ရှိသော နေရာရောက် အောင် သွားကြရလေသည်။ ဆင်အုပ်ရှိရာသို့သွားရာတွင် လေညာအရပ်က မသွားရဘဲ လောအောက်အရပ်မှ သွားကာ ဆင်အုပ်အတွင်းမှ စိတ်ကြိုက်ဆင်တစ်ကောင်ကိုရွေးချယ်ရသည်။ ဆင်ရွေးပြီးသောအခါ ဆင်အုပ်ရှိရာသို့လေအောက် ဘက်မှနေ၍ လိမ္မာပါးနပ်စွာ ချဉ်းကပ်သွားရလေသည်။ ဖမ်းဆီးရာတွင် အများအားဖြင့် မိမိဆင်ထက်အကောင်ငယ်သော ဆင်များကိုသာ ရွေးချယ်၍ ဖမ်းဆီးကြသည်။
ဆင်မဖြစ်လျှင် ခုနစ်ပေအထိ ဖမ်းရဲကြသော်လည်း အစွယ်ရှိသော ဆင်ထီးဖြစ်ပါက ခြောက်ပေဆင်ကို ဖမ်းဆီးရာမှာပင် အထူးသတိဝီရိယထားကာ ဖမ်းဆီးကြရသည်။ တစ်ခါတစ်ရံ စွယ်စုံဆင်ရိုင်းများက မိမိတို့ စီးလာသော ဆင်ယဉ်ကို အစွယ်ဖြင့်ထိုးသတ်လေ့ရှိကြသည်။ ထိုအခါ ဆင်ရိုင်းမရသည့်အပြင် ရှိသည့်ဆင်ယဉ်ပါအသက်ဆုံးရှုံးတတ်သည်။

ထို့ကြောင့် ဖန်တီများ၏ကျွမ်းကျင်လိမ္မာမှုက အရေးကြီးလှပေ၏။


ဟဲဟဲ..အထင်မကြီးနဲ.နော်ဒါတော.
ကြားဖူးနားဝလေးတွေပါ..........
မိုးထက်မြင်.

မိုးထက်မြင်.
အငယ်တန်းအဆင့်
အငယ်တန်းအဆင့်

ရေးသားချက်များ : 68
Start Date: : 2010-08-15

http://www.cupidnetcafeshop.com

Back to top Go down

Share this post on: Excite BookmarksDiggRedditDel.icio.usGoogleLiveSlashdotNetscapeTechnoratiStumbleUponNewsvineFurlYahooSmarking

: ဟူးကောင်းတောင်ကြားမှာ ဆင်ဖမ်းမယ် အချစ် :: Comments

Post on Thu Aug 19, 2010 4:00 pm  ဂျိမ်းဖောကောင်လေး

ဟဟ.. ဗဟုသုတတော်တော်ရတယ်ဗျာ.. Smile

Back to top Go down

Post on Tue Aug 24, 2010 3:28 pm  နွေဥသြ

ကြားဖူးနားဝလေးတွေကို .. အလျဉ်းသင့်သလို .. ဆက်လင်တင်ပေးဖို့တောင်းဆိုပါတယ်နော် ..

ကျေးဇူးပါ .. Very Happy Very Happy

Back to top Go down

Post Today at 6:46 pm  Sponsored content

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum